ဒရက်ကူလာအစွယ်တွေကို ပိုင်ဆိုင်ထားတဲ့ မှုန်ကုတ်ကုတ်မျက်နှာနဲ့ ချစ်စဖွယ်ကြောင်လေး.

Vampire နာမည်ပြောင်နဲ့ ကြောင်မလေးတစ်ကောင်ဟာ သခင်ဖြစ်သူက သူမရဲ့ပုံတွေကို အွန်လိုင်းပေါ်မျှဝေပြီးတဲ့နောက်ပိုင်း နာမည်ကြီးလာခဲ့ပါတယ်။ Vampire လေး အဓိကနာမည်ကျော်ရတဲ့ အကြောင်းရင်းကတော့ သူ့ရဲ့ ချွန်မြလှတဲ့အစွယ်လေးတွေကြောင့် ဖြစ်ပါတယ်။ Vampire လေးရဲ့ နာမည်ရင်းကတော့ လိုကီဖြစ်ပြီး အသက် (၁၅) နှစ် ရှိပါပြီ။ လိုကီရဲ့ သခင်မကတော့ အသက်(၃၂) နှစ်အရွယ် ကတ်တလင်းကို့ခ်ျပဲ ဖြစ်ပါတယ်။

လိုကီလေးကို မှုန်ကုတ်ကုတ်မျက်နှာအပြင် ချွန်မြလှတဲ့ ဒရက်ကူလာအစွယ်လေးတွေနဲ့ တွေ့ရပေမယ့် လိုကီဟာ တကယ်တော့ သဘောကောင်းကြောင်း ကတ်တလင်းက ရှင်းပြပါတယ်။ လိုကီနဲ့ သူ့သခင်မတို့ဟာ ၀ါရှင်တန်မှာ နေထိုင်ပါတယ်။ လိုကီဟာ ပွေ့ဖက်ခံရတာကို သဘောကျပြီး သူမဆီအရမ်းကပ်လွန်းတဲ့အတွက် ကတ်တလင်းဟာ စိတ်အနှောင့်အယှက်တောင် ဖြစ်ရကြောင်း ပြောပြပါတယ်

instagram/loki_kitteh

“တစ်ခါတစ်လေ သူက ကျွန်မဂရုစိုက်တာကို အရမ်းလိုချင်လွန်းတယ်။ သူ့ကို အတင်းချီခိုင်းနေတော့တာပဲ။ ဒါပေမယ့် လိုကီက ကျွန်မကိုဆို မကိုက်ဘူး။ တခြားသူဆိုရင်တော့ ကိုက်တတ်တယ်။ သူက တကယ်ကို  vampire လေးပါပဲ….”

ကတ်တလင်းဟာ လိုကီကို လွန်ခဲ့တဲ့ (၈) နှစ်ခန့်ကတည်းက တိရစ္ဆာန်ဂေဟာတစ်ခုမှာ တွေ့ပြီး မွေးစားခဲ့တာပါ။ အကြောင်းရင်းကတော့ လိုကီဟာ ရုံးတစ်ရုံးမှာ နေနေတာဖြစ်ပြီး လိုကီကို အခြားကြောင်တွေက လိုက်ကိုက်တဲ့အတွက် ဂေဟာကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

လိုကီမှာ ထူးခြားတဲ့ ဒရက်ကူလာစတိုင် အစွယ်တွေအပြင် လျှာကလည်း အရှေ့ကို နည်းနည်းလေးထွက်နေပြီး မျက်လုံးပြူးပြူးဝိုင်းဝိုင်းကြီးတွေလည်း ရှိပါတယ်။ လိုကီဟာ ကတ်တလင်းနဲ့ စစချင်းတွေ့ဆုံစဉ်မှာ အရမ်းစိတ်လှုပ်ရှားနေတဲ့ ကြောင်မလေး ဖြစ်ခဲ့ပါတယ်။ “ကျွန်မ စစချင်း လိုကီကို မွေးစားတုန်းက သူက အထိအကိုင်မခံဘူး။ ခုလို ပွတ်သီးပွတ်သပ်နေတာမျိုးလည်း မရှိဘူး။ ကျွန်မ သူ့ကို အစာကျွေးတယ်။ နေစရာလေး ပေးထားတယ်။ ဒီလိုနဲ့ ထားရင်း လနည်းနည်းလောက် ကြာမှ သူ့ကို ပွတ်သပ်လို့ရလာတယ်…” လို့လည်း ကတ်တလင်းက ပြောပြခဲ့ကြောင်း dailymail မှာ တွေ့ရပါသေးတယ်။

လင်းလင်း

Leave a Reply

Your email address will not be published. Required fields are marked *